ဖျာပုံ အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ် (၂)ရပ်ကွက်ရှိ၊ မြို့မစျေးကြီးတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်ယာဉ်များ၊ စျေးအရန် မီးသတ်တပ်ဖွဲ့ပိုင် စက်များဖြင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းများကို ယမန်နေ့နေ့လယ်ပိုင်း အချိန်က အဆိုပါစျေးကြီးတွင် ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ ဖျာပုံမြို့ နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူး ဌေးနိုင်ဦး၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့မဈေးကော်မတီဝင်များ၊ ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၆၀)ဦး တက်ရောက်ခဲ့ကြပြီး မီးငြိမ်းသတ်ယာဉ် (၃)စီးတို့ဖြင့် လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ရေစုပ်စက်များ၊ ရေတင်စက်များ၊ စျေးအတွင်း အသင့် တပ်ဆင်ထားရှိသော မီးသတ်ပိုက်များ၊ စက်များ အသုံးပြု၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ကြသည်။ ထို့နောက် မြို့မစျေးကြီး အတွင်း အသုံးပြုလျက်ရှိသော လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ မီးသတ်ရေကန်နှင့် မီးသတ်ဆေးဗူးများ ကောင်းမွန်ခြင်း ရှိ/မရှိများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း စျေးကော်မတီထံမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)