မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၂၀၀၁)စုအတွက် ထောက်ပံ့ငွေကျပ် (၂၄၀၀၂၀၀၀၀) ပေးအပ်

ဂန့်ဂေါ စက်တင်ဘာ ၁၈

နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ တတိယ အကြိမ်ထောက်ပံ့ပေးအပ်ပွဲကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ဆန်းဝင်းတို့က အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဂန့်ဂေါမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၇၇)အုပ်စုရှိပြီး အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း(၁၂၀၀၁)စုရှိကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်  ၂၀၀၀၀ နှုန်းဖြင့် ငွေကျပ်( ၂၄၀၀၂၀၀၀၀ )တို့ကို တတိယအကြိမ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးကျော်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/အုပ်ချုပ်ရေးမှူးများတက်ရောက်ကြပြီး နယ်မြေအလိုက်ခွဲဝေ ချထားသော ဌာနဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)