ကြံခင်းမြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ကြံခင်း အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုလျော့နည်းစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ပျက်ဆီးမှု လျော့နည်းစေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိုနယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့် ဇာတ်တိုက်သရုပ်ပြပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား ရုတ်တရက်မီးဘေးအန္တရာယ်ကြုံတွေ့ပါက (DCP)မီးသတ်ဆေးဗူးဖြင့် ငြိမ်းသတ်နိုင်ရန် အသုံးပြုပုံအား လက်တွေ့သရုပ်ပြ လေ့ကျင့်ပေးခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ တတ်ရောက်ကြည့်ရှုအားပေးပြီးနောက်   မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများက မြို့မဈေးအတွင်း လျှပ်စစ်ကြိုးသွယ်တန်းအသုံးပြုခြင်း၊ မီးမိန်းများစစ်ခြင်း၊ မီးသတ်ဆေးဗူးနှင့် ရေသိုလှောင်ထားရှိခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ မီးဘေးကြိုတင် ကာကွယ်နိုင်ရန်ထားရှိရမည့် ပစ္စည်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူ ကြံခင်းမြို့နယ် ဘက်ရဲမြို့မဈေးတွင်လည်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက် သရုပ်ပြခြင်းကို ဘက်ရဲမြို့မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူးဦးသက်ပိုင်စိုး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ် (၁)စီးဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးဘေးအန္တရာယ် ရုတ်တရက်ကြုံလာလျှင်  မီးသတ်ဆေးဘူး အသုံးပြုငြိမ်းသတ်ခြင်းကို သရုပ်ပြပြီးနောက် ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ ဘက်ရဲမီးသတ်တပ်ဖွဲ့နှင့် ဘက်ရဲမြို့လျှပ်စစ်ရုံး၊  မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဘက်ရဲမြို့မဈေးတာဝန်ခံများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် ဈေးအတွင်း၊ အပြင်မီးကြိုးသွယ်တန်းအသုံးပြုခြင်းနှင့်  ရေသိုလှောင်ထားရှိခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ ပြင်ဆင်ဆောင်ရွက်ထားခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)