မင်းဘူး စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်တောင်သူများကို မျိုးကွဲနှုတ်ပယ်ခြင်းနှင့် မျိုးစေ့သန့်စင်ခတို့အတွက် ထောက်ပံ့ငွေများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၅ အုပ်စုမှ စပါးမျိုးစေ့ထုတ်တောင်သူ ၁၃၈ ဦးဖြင့် ဧက ၇၀၀ ဆောင်ရွက်လျက်ရှိပြီး မျိုးခွဲနှုတ်ပယ်ခအတွက် ငွေကျပ် သိန်း (၃၅၀) နှင့် မျိုးစေ့သန့်စင်ခအတွက် ငွေကျပ် (၁၀၅)သိန်း စုစုပေါင်း ထောက်ပံ့ငွေကျပ် (၄၅၅) သိန်းကျော်ကို မျိုးစေ့ထုတ်တောင်သူများထံ ကိုဗစ်-၁၉ ကာလ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရန် သုံးရက်ခွဲ၍ ထုတ်ပေးခဲ့သည်။
အရည်အသွေးကောင်းမျိုးစေ့ ဧရာမင်းမျိုးစပါးတစ်တင်းကို ငွေကျပ် ၁၀၅၀၀ နှုန်း၊ အခြားထွက်နှုန်းကောင်းမျိုးစေ့ စပါးတစ်တင်းကို ငွေကျပ် ၈၅၀၀ နှုန်းနှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ ငွေကျပ် ၇၅၀၀၀ နှုန်းကို ဩဂုတ်လ ၂၀ ရက်က ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ မျိုးကွဲနှုတ်ပယ်ခ ငွေကျပ် ၅၀၀၀၀ နှင့် မျိုးစေ့သန့်စင်ခ ငွေကျပ် ၁၅၀၀၀ ကို ဆက်လက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
မင်းဘူး(စကု)မြို့နယ်အတွင်း မိုးစပါမျိုးစေ့ထုတ် စိုက်ခင်း ဧက ၇၀၀ အတွက် CERP အရ နိုင်ငံတော်မှ စုစုပေါင်းငွေကျပ် သိန်း(၁၀၀၀)ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။
မောင်မောင်(မင်းဘူး)