ဆိပ်ဖြူမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ဆိပ်ဖြူ အောက်တိုဘာ ၂၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၂၂ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး ခွင့်ပြုရန်ပုံငွေဖြင့် ဆိပ်ဖြူမြို့ပေါ်ရပ်ကွက်နေပြည်သူများအတွက် သွားလာမှုလွယ်ကူနိုင်စေရန် ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း(၅)ခု၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ရပ်ကွက်နေ ပြည်သူများ စွန့်ပြစ်ရေများစနစ်တကျရှိစေရန် ကျောက်စီရေမြောင်းတစ်ခုတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အလယ်ပိုင်းရပ်ကွက်ရှိ စိုက်ပျိုးရေးရုံးလမ်းနှင့် အနောက်ပိုင်းရပ်ကွက်ရှိ ကံ့ကော်လမ်း အဆင့်မြှင့်တင်မှုလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ အနောက်ပိုင်းရပ်ကွက်ရှိ ရေစီးရေလာကောင်းမွန်ရေးနှင့် ရပ်ကွက်နေပြည်သူများ စွန့်ပစ်ရေများ စနစ်တကျရှိစေရန် ကျားကိုက်ချောင်း ကျောက်စီရေမြောင်းဆောင်ရွက်နေမှုလုပ်ငန်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ရှင်းလင်းတင်ပြပေးသည်။ ထိုသို့ ရှင်းလင်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လမ်းလုပ်ငန်းနှင့် ရေမြောင်းလုပ်ငန်းများ စံချိန်စံညွှန်း ပြည့်မီစွာဆောင်ရွက်သွားရေး၊ ရပ်ကွက်နေပြည်သူများ၊ ခရီးသွားပြည်သူများအတွက် ရေရှည် အသုံးပြုဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

ကိုဇွဲ (အညာမြေ)