ဟင်္သာတ အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ယာဥ်များ၊ စျေးအရန်မီးသတ်တပ်ဖွဲ့ပိုင် စက်များဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းများကို ယနေ့နံနက် ၉ နာရီက ပဒေသာစျေးကြီးနှင့် ဌေးဝင်းစျေးတို့တွင် ဇတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်ဦးမြင့်သိန်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းမောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန် ထမ်းများ၊ ပဒေသာဈေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း အင်အား(၈၀)ဦး တက်ရောက်ခဲ့ကြပြီး မီးငြိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့်လည်ကောင်း၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ရေစုပ်စက်များ၊ ရေတင်စက်များ၊ စျေးအတွင်းအသင့် တပ်ဆင်ထားရှိသော မီးသတ် ပိုက်များ၊ စက်များ အသုံးပြု၍ ပဒေသာဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများအား ဆောင်ရွက်ခဲ့ကြသည်။
ဟင်္သာတမြို့ ပဒေသာဈေးကြီးတွင် စျေးဆိုင်ခန်းပေါင်း(၁၂၁၀)ခန်းနှင့်ဌေးဝင်းဈေးကြီးတွင် ဆိုင်ခန်းပေါင်း(၅၇၅)ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းနှင့် ဆက်လက်၍ ဈေးတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်းရှိ/မရှိနှင့်လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ မီးသတ်ရေကန်နှင့် မီးငြိမ်းသတ်ရေးပစ္စည်းများကောင်းမွန်ခြင်း ရှိ/မရှိများကိုလည်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း စျေးကော်မတီထံမှသိရသည်။
ကိုဇော် - ဟင်္သာတ