တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် မကွေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများပြသပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မကွေး အောက်တိုဘာ ၂၃

မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်နေ့နံနက် ၁၁ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ထုတ်ကုန်များအား ပိုမိုအောင်မြင်စွာ ရောင်းချနိုင်ရေးအတွက် ထုတ်ကုန်ပြပွဲအား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါထုတ်ကုန်ပြပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများပါဝင်သည့် စကားဝိုင်း(Talk Show)အား ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီးအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်စွာလည်ပတ်နိုင်ရေးအတွက် ကောင်းမွန်သော ဆွေးနွေးမှုရလဒ်များရရှိလာမည်ဟု မျှော်မှန်းထားပါကြောင်းနှင့် တိုင်းဒေသကြီးမြို့တော်ဖြစ်သည့် မကွေးမြို့တွင် စက်မှုဇုန်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီမံကိန်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများအားလုံး စက်မှုဇုန် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ထုတ်ကုန်များပြသနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများပြသနိုင်ရေး ကော်မတီတွဲဘက်အတွင်းရေးမှူး၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များပြသနိုင်ရေးအတွက် စီမံချက်အားရှင်းလင်းတင်ပြခဲ့ပြီး၊ အစည်းအဝေးတက်ရောက်လာကြသူများက တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ အောင်မြင်စွာပြသနိုင်ရေး လုပ်ငန်းစဉ်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ