ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီးစားသုံးမှုဖူလုံစေရေး ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံစုံ ၂၀၉၃၈၆ ဧကစိုက်ပျိုးလျက်ရှိ

ကန့်ဘလူ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ စုစုပေါင်း ၁၀၉၁၇၃ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း ဆောင်းသီးနှံစုံ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ မုန်ညှင်းနှင့်နှမ်း(နွေ) စသည့် သီးနှံစုံ ၂၀၉၃၈၆ ဧကကို ယခုနှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာတွင် မြေပဲ ၂၂၄၂၁ ဧကနှင့်နှမ်း ၈၆၇၅၂ ဧက စုစုပေါင်း ၁၀၉၁၇၃ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။

”ဆီထွက်သီးနှံစိုက်ပျိုးမှုက ကန့်ဘလူမြို့နယ်မှာ မိုးရာသီနဲ့ဆောင်းရာသီ သီးနှံတွေစိုက်ပျိုးချိန်မှာ စိုက်ကြပါတယ်။ ဒီနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံစုံဧက နှစ်သိန်းကျော်စိုက်ပျိုးဖို့ လျာထားတဲ့နေရာမှာ အောက်တိုဘာ ၁၅ ရက်နေ့အထိ တစ်သိန်းကျော်စိုက်ပျိုးပြီးစီးနေပါပြီ။ မြို့နယ်အတွင်း စားသုံးဆီဖူလုံစေဖို့ စိုက်ပျိုးရေးဦးစီးဌာနက ဘဏ္ဍာနှစ်အလိုက် ဆီထွက်သီးနှံအမျိုးအစားအလိုက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေးနည်းပညာတွေ၊ ရိတ်သိမ်းချိန်လွန်နည်းပညာတွေကို ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဆီထွက်သီးနှံများစိုက်ပျိုးနေခြင်းသည် မြို့နယ်အတွင်းသာမက ပြည်တွင်းရှိစားသုံးသူများ ဆီဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်ကပြောသည်။

ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သည့် ဆီထွက်သီးနှံစုံလျာထားစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၁၀၂၆၁၃ ဧက၊ နှမ်း ၉၆၇၁၈ ဧက၊ နေကြာ ၂၉၆၈ ဧက၊ ပန်းနှမ်း ၅၄၃၁ ဧက၊ မုန်ညှင်း ၅၉၃ ဧကနှင့် နှမ်း(နွေ) ၁၀၆၃ ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)