ဘားအံ အောက်တိုဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အမှတ်(၈)ရပ်ကွက် ထောင်ဝိ သာသနာ့ ရံသီတိုက်ကျောင်းဓမ္မာရုံတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ ၁နာရီအချိန်ခန့်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှ ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းထိုးနှံကြစေလိုကြောင်း၊ ရပ်ရွာအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းမင်းဌေးကပြည်သူ့ကာကွယ်ရေး လုပ်ငန်းများနှင့် မြို့တွင်း၊ မြို့ပြင် ကာကွယ်ရေး လုပ်ငန်းဆောင်ရွက် နေမှုများ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသိုက်အောင်ကနယ်မြေလုံခြုံရေးနှင့် မှုခင်းကျဆင်းရေး ကိစ္စများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းတင့်က ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး စစ်ကြောင်းကြီး (၅)ကြောင်း တွင် ပါဝင်သော ဌာနဆိုင်ရာများမှမိမိတို့ ဌာန၏ ဌာနအလိုက် ဆောင်ရွက်ပေးနေသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသော ရပ်ကွက်နေပြည်သူများမှ ဒေသဖွံ့ဖြိုး ရေးအတွက်လိုအပ်ချက်များအားဆွေးနွေးတင်ပြမှုအပေါ် မြို့နယ်စီမံအုပ်ချုပ် ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက်ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၁၅၀ )ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)