ပွင့်ဖြူ အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာတွင် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၃ ရက် ၊ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေ သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူထည့်ဝင်ငွေ (၉)သိန်းဖြင့် ကျေးရွာတွင်းလမ်းအရှည် ၄၃၀၀ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်းအဖြစ် ဆောင်ရွက် ခြင်းဖြစ်ကာ ကျေးရွာစီမံကိန်း လုပ်ငန်းကြီးကြပ်မှု ကော်မတီက တာဝန်ယူ၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး စီမံကိန်း မူဘောင်ပါ သတ်မှတ်လမ်းကျယ်နှင့် လမ်းအမြင့် ထုပြည့်မီမှု ရှိ/မရှိ တို့ကို တိုင်းတာစစ်ဆေး၍ ကျေးရွာစီမံကိန်း လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များအား ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်နေမှုအား ရေရှည်သွားလာ အသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
ယင်း ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာရှိ အိမ်ခြေ ၁၅၉ အိမ်၊ လူဦးရေ ၆၁၁ ဦး အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသည့် ဒေသထွက်ကုန်သီးနှံများကိုလည်း လွယ်လင့် တကူ သယ်ယူပို့ဆောင် ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးလှဌေးမောင် က ပြောသည်။
ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရန်နှင့် ရာသီမရွေး သွားလာရေးအဆင် ပြေစေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၂၀၀)နှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ပွင့်ဖြူမြို့နယ် ဇောင်းချမ်းကုန်းကျေးရွာ ၊ ကနီကျေးရွာ ၊ မင်းလှကျေးရွာ ၊ ရွာထောင်ကျေးရွာ ၊ ကျောင်းစုကျေးရွာ ၊ ပန်းတုံလေးကျေးရွာ ၊ ရေချမ်းစင်ကျေးရွာ ၊ နှောကျင်းကျေးရွာ ၊ ဖလံတော ကျေးရွာ ၊ ညောင်ခြုံကျေးရွာ ၊ ပန်းတုံးကြီးကျေးရွာနှင့် ညောင်လှကျေးရွာ ၊ စုစုပေါင်း ကျေးရွာ(၁၂)ရွာ၌ စက်တင်ဘာ (၅)ရက်နေ့က စတင်ပြီး အကောင်အထည်ဖော် ဖောက်လုပ် ပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )