ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

ထီးချိုင့် အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ လူစည်ကားရာလမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်လင်းနှင့် ဝန်ထမ်းများ၊ ရဲမှူးပြေဦးနှင့်တပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဒေသခံပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများစနစ်တကျမဖြစ်မနေ တပ်ဆင်သွားလာရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရန်၊ တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့၏ ကျန်းမရေး အသိစိတ်များနှင့်အညီ ရောဂါကူးစက်မှုမရှိစေရေး သတိပြုနေထိုင်ကြရန် ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်သွားကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြရန်တို့ကို  အသိပညာပေးဟောပြောခြင်း၊  လမ်းသွား လမ်းလာပြည်သူများကို နှာခေါင်းစည်း(MASK) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုများကိုလည်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရပါသည်။

ရဲလင်းထွန်း(ထီးချိုင့်)