အထက်မင်းလှ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်း မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ပဉ္စမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ရာ၌ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မင်းလှမြို့နယ်အတွင်းရှိရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု (၆၃)စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၉၀၇၅ စုအား နိုင်ငံတော်အစိုးရက အိမ်ထောင်စု တစ်စုလျှင်ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၈၁၅၀၀၀၀၀ ကို ရပ်ကွက်/ ကျေးရွာများအ ရောက်ကွင်းဆင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)