ဒေးဒရဲ အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာ အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် (၁၁) နာရီက တော်ချိုက်ကျေးရွာအုပ်စု၊ တော်ချိုက်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ကျေးရွာနေ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် အလေးထားဆောင်ရွက်သွားရန်၊ ပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုး နှံပေးနေမှုများကို ဆွေးနွေးဟော ပြောခဲ့ပြီးအဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး ကိစ္စရပ်များနှင့် ပြည်သူများအနေဖြင့် ကောလာဟာလ သတင်းအမှားများကို မယုံကြည်ကြဘဲ သတင်းအမှန်များကို လေ့လာဖတ်ရှုကြရန် ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုများ၊ ဥပဒေရေးရာကိစ္စရပ်များ၊ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများ၊ စာသင်ဆောင် လိုအပ်ချက်များ၊ မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ၊ စိုက်ပျိုးရေး နည်းလမ်းကောင်းများ၊ နွေစပါး ရေလုံလောက်စွာရရှိရေး၊ သွင်းအားစုလုပ်ငန်းများ စျေးနှုန်းချိုသာစွာ ရရှိနိုင်ရေးနှင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးခြင်း၊ နွေစပါးစိုက်ပျိုးမည့် တောင်သူများကိုမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ စိုက်ပျိုးရေနှင့် ရေကြောင်းခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ချောင်း၊ မြောင်းများ တူးဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများကို သက်ဆိုင်ရာဌာန အလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း