သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

သနပ်ပင် အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ (၂၁)ရက်နေ့၊ ယမန်နေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့်ဓါတ်မြေဩဇာ ထောက်ပံ့ ပေး အပ်ပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖရဲကျေးရွာအုပ်စု၊ ကာမာဖရန်ကျေးရွာအုပ်စု၊ ငါးကြီးဝင်းကျေးရွာအုပ်စု၊ စွန်ပိကျေးရွာအုပ်စု၊ ကလိုင်ကျေးရွာ အုပ်စုနှင့်ရေကျော်ကျေးရွာအုပ်စုတို့မှ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူ များထံ (ရေဆင်းစပ်မျိုး နေကြာ-၁)မျိုးစေ့နှင့် ဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး တောင်သူများ၏ လူမှုစီးပွားဘဝများမြှင့်တင်ပေးနိုင်ရေး စိုက်နည်းစနစ်များ အသိပညာပေးရန်၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးရန်၊ ရေပေးမြောင်းများ ပြန်လည်အဆင့်မြှင့်တင်ပေးရန်၊ အမှန်တကယ် စိုက်ပျိုးအောင်မြင် နိုင်သည့် မြေနေရာရွေးချယ်ပေးရန်၊ ဥစားဘဲမွေးမြူနိုင်ရေးနှင့် သီးခြားလိုအပ်ချက်များအား ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ လရောင်ခြယ် ဘဲသားပေါက်ဆိုင်၌ သဘာဝနည်းဖြင့် ဘဲသားပေါက်များ ဖောက်လုပ်ထားရှိမှု၊ သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာအုပ်စုရှိ H.H.H hatchery ဘဲသားပေါက်ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လျှပ်စစ်မီးပြည့်ဝစွာရရှိရေးနှင့် အခြားမြို့နယ်များတွင် လည်း လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာ အုပ်စုရှိ ဦးဝင်းထိုက်မောင်၏ ဥစားဘဲကောင်ရေ(၃၀၀၀၀) မွေးမြူထားရှိမှုနှင့် ဒေါက်တာ ခင်မောင်မြင့်၏ ဥစားဘဲကောင်ရေ(၆၀၀၀)မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသစပ်စာထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်းပစ္စည်း လွယ်ကူစွာဝယ်ယူရရှိနိုင်ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကျရောက်မှုမရှိစေရေးနှင့် ရေကန်ဘောင် တစ်လျှောက် အုန်းပင်စိုက်ပျိုးနိုင် ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သနပ်ပင်မြို့နယ်အတွင်း ဘဲမွေးမြူရေးခြံ(၃၆၈)ခြံ၊ဘဲကောင်ရေ (၂၅၈၁၀၆)ကောင်မွေးမြူထားရှိပြီး နေ့စဉ် ဘဲဥအလုံးရေ(၂၀၀၀၀၀) ကျော် တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

လှမိုး(ပြန်/ဆက်)