မြဝတီ အောက်တိုဘာ ၂၃
ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးနှင့် မိသားစုစီးပွားရေးကို အထောက်အကူပြုစေရး ရည်ရွယ်ပြီး ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းက ဆောင်းနေကြာသီးနှံ ဧကတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဒုတိယအကြိမ် မျိုးစေ့ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ အတွက် ကူညီထောက်ပံ့မှုများကို အစဉ်တစ်စိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ နေကြာစိုက်ပျိုးမှုများကို ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးနှင့် ပြည်ပကနေသွင်းကုန် အစားထိုးတစ်ခုအနေဖြင့် ပါဖြစ်လာအောင် နိုင်ငံတော်မှ အလေးထားကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိပါကြောင်း၊ ထို့အတွက်ကြောင့်လည်း ယခုကဲ့သို့ ဒုတိယအကြိမ် ထပ်မံထောက်ပံ့ရခြင်းဖြစ်ပါကြောင်းနှင့် လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ပြီး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် က နေကြာစိုက်ပျိုးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြဝတီခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်နိုင်ဦးက နေကြာစိုက်ပျိုး ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းရွှေက နေကြာစိုက်ပျိုးသည့် နည်းစနစ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်နိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးသန်းရွှေနှင့်တာဝန်ရှိသူများက တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး မြဝတီမြို့နယ်အနေဖြင့် ကျေးရွာ ၆ ရွာတွင် စုစုပေါင်း စိုက်ပျိုးဧက ၃၀၃ ဧကအထိ စိုက်ပျိုးပြီးဖြစ်ကာ ယခု ဒုတိယအကြိမ်ထောက်ပံ့သည့် မျိုးစေ့များဖြင့် ၁၉၇ ဧက ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)