မကွေး အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ထုတ်ကုန်များအား ပိုမိုအောင်မြင်စွာ ရောင်းချနိုင်ရေးအတွက် ထုတ်ကုန်ပြပွဲအား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါထုတ်ကုန်ပြပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့်သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများပါဝင်သည့် စကားဝိုင်း(Talk Show)အား ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်စွာလည်ပတ်နိုင်ရေးအတွက် ကောင်းမွန်သော ဆွေးနွေးမှုရလဒ်များ ရရှိလာမည်ဟုမျှော်မှန်းထားပါကြောင်းနှင့် တိုင်းဒေသကြီး မြို့တော်ဖြစ်သည့် မကွေးမြို့တွင် စက်မှုဇုန်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများအားလုံး စက်မှုဇုန်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်က ထုတ်ကုန်များပြသနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေးကော်မတီတွဲဘက်အတွင်းရေးမှူး၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်ထွန်းအောင်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ထုတ်ကုန်များ ပြသနိုင်ရေးအတွက် စီမံချက်အား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ အောင်မြင်စွာ ပြသနိုင်ရေး လုပ်ငန်းစဉ်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)