ကလေးမြို့တွင် အကြိမ်(၃၀)မြောက် စုပေါင်းမဟာဘုံကထိန်နှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

ကလေး အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ဈေးသူ/ဈေးသားများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများမှ သံဃာတော်များအား ပင့်ဖိတ်၍ အကြိမ်(၃၀)မြောက် စုပေါင်းမဟာဘုံကထိန်နှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေဘုံသာဘုရားကြီးဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော်သံဃာတော်များမှ နမောတဿ (၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ချမ်းမြေ့အောင်စည်ဆရာတော် ဘဒ္ဒန္တဥတ္တရသာရ  ဆရာတော် အရှင်သူမြတ်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်များမှ ရွတ်ပွားတော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ကထိန်လျာ ဉတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်းများ၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းချိုင့်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဟဝိသုဒ္ဒါရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဇဋိလအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှအတန်း ပေးဝေကြပြီး ဗုဒ္ဓသာသနံစီရံတိဋ္ဌတု (၃)ကြိမ် ရွက်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ကလေးခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ ပင့်သံဃာဆရာတော်(၁၈)ပါးနှင့် စုစုပေါင်းလူဦးရေ (၁၅၀)ကျော် တက်ရောက်ခဲ့ကြပြီး ကျောင်းတိုက်ပေါင်း (၇၁)ကျောင်းအတွက် ပဒေသာပင်ပေါင်း(၇၆)ပင်ရှိခဲ့ပြီး ပစ္စည်းနှင့် လှူဒါန်းငွေစုစုပေါင်း ငွေကျပ် (၃၃၀၉၃၆၅၀) တိတိကို လှူဒါန်းနိုင်ခဲ့ကြောင်း  သိရသည်။

ကလေး(ပြန်/ဆက်)