မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၇၃)ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

မုံရွာ   အောက်တိုဘာ   ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နယ်မြေခံစာရေးဆရာများ၊ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များစုပေါင်း၍ (၇၃)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက  မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအနေဖြင့် နှစ်ပတ်လျှင်တစ်ကြိမ် စနေနေ့တိုင်း စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခဲ့သည်မှာ ၇၃ ကြိမ် ပြည့်မြောက်ပြီးဖြစ်ပါကြောင်းနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များရရှိစေရန်နှင့် စာပေကောင်းများပိုမိုလေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်သူဦးခင်မောင်သန်းနှင့်အတူ  တက်ရောက်လာကြသူများမှ W Somerest Maugham ၏ Three Short Stories ဝတ္ထုတို စာအုပ်အား  ဦးစွာဆွေးနွေးကြပြီးနောက် သုတ၊ ရသစာအုပ်စာစောင်များမှလေ့လာ မှတ်သားစရာများနှင့် အတုယူဆောင်ရွက်ရမည့် အသိပညာအတွေးအခေါ်များကို စုပေါင်း၍ အပြန်ပြန်အလှန်လှန်  ဆွေးနွေးခဲ့ကြသည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအတွက် ပြန်ကြားပေးရန်၊ ပညာပေးရန် နှင့်ဖျော်ဖြေပေးရန်တို့ကို့ အဓိကအလေးထား၍ ယခုလိုစာဖတ်ဝိုင်းများအပြင် ပြပွဲပြိုင်ပွဲများနှင့် အသိပညာပေး Talk Show များကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)