ဘိုကလေး အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နေ့လယ်(၂)နာရီအချိန်တွင် ဘိုကလေးမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ အရောက်သွားကာ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်အတူ စာအုပ်ပြပွဲ ကျင်းပဆောင်ရွက်သည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်သီတာအောင်မှ ဘဝအောင်မြင် တိုးတက်ရေးအတွက် ကျောင်းသားဘဝမှ စတင်၍ ကျင့်ကြံနိုင်သည့်အခြင်းအရာမှာ စာဖတ်ခြင်းဖြစ်ကြောင်း၊ မိမိတို့၏ကိုယ်ရည် ကိုယ်သွေး၊ စာရိတ္တ၊ အကျင့်စရိုက်၊ နေထိုင်မှု ဘဝပုံစံများအား ကောင်းမွန်စွာ ပုံဖော်ပေးနိုင်သည့် အရာမှာ စာပေဖြစ်သည့်အတွက် စာဖတ်ခြင်းဆိုသည့် အလေ့အထသည် မိမိတို့ဘဝအတွက် အရေးပါသည့် အကြောင်းအရာဖြစ်ကြောင်းတို့ကို ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ နားထောင်နိုင်ရေး ဥပမာ၊ နည်းနာများဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများမှ သုတ၊ ရသအပါအဝင် ကဏ္ဍစုံလင်လှသည့် စာအုပ်စာပေများအား ကျောင်းသား/သူများကို ခင်းကျင်းပြသ၍ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက်လေ့လာဖတ်ရှုကြရန် အလေးထားတိုက်တွန်း၍ ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)