သာယာဝတီမြို့တွင် (၂၉)ကြိမ်မြောက် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)၏ကျောင်းဆင်း နှုတ်ဆက်ပွဲအခမ်းအနားကျင်းပ

သာယာဝတီ အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ကျောင်းဆရာစံခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက (၂၉)ကြိမ်မြောက် ကျောင်းဆင်း နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း၁၂၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ကျောင်းသီချင်း သီဆို၍ စတင်ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်ပြီး ခရိုင်စီမံအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် သာယာဝတီ စိုက်ပျိုးရေးသိပ္ပံရဲ့ မောင်တို့မယ်တို့ဟာ မကြာခင်မှာ ကျောင်းပညာသင်ကြားမှု ပြီးမြောက်၍ လုပ်ငန်းခွင်ထဲကိုဝင်ရောက်ကြရတော့မှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးအသက်မွေးဝမ်းကျောင်းပညာကို ဦးစားပေးအလေးထားတာ မောင်တို့မယ်တို့အားလုံး အသိပင်ဖြစ်ကြောင်း၊ မကြာခင်အချိန်အတွင်းမှာ မွေးမြူရေးအထူးပြု ၃ နှစ်သင်တန်းကို ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်တာကြောင့် ပြည်သူတစ်ရပ်လုံး စားနပ်ရိက္ခာဖူလုံဖို့၊ ဆင်းရဲမွဲတေမှုတွေပပျောက်စေဖို့၊  အထူးသဖြင့် တောင်သူတွေရဲ့ဝင်ငွေ တိုးတက်စေဖို့ ခေတ်မီ နည်းပညာတွေကို စိုက်ပျိုးရေးတက္ကသိုလ်တွေက ဆင်းတဲ့ စိုက်ပျိုးရေးပညာရှင်တွေရဲ့ ဒီလိုစိုက်သိပ္ပံ အခန်းကဏ္ဍဟာများစွာမှ အရေးပါလွန်းလှကြောင်း မြန်မာနိုင်ငံ၏စီးပွားရေး တိုးတက်အောင်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာမြေပေါ် မြေအောက်သယံဇာတများ အလွန်ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး မြေပေါ်မြေအောက် သယံဇာတဟူသည် လူတို့အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းကြောင့်လည်းကောင်း၊ မမျှော်လင့်သည့် သဘာဝ ဘေးအန္တရာယ်များကြောင့်လည်းကောင်း၊ လျော့နည်းသွားတတ်သည့် အနေအထားရှိကြောင်း၊ သို့ပါ၍ မောင်မယ်တို့၏ကျွမ်းကျင်မှု ပညာရပ်များကိုသာ အရင်းအနှီးပြု၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများကို ခေတ်မီတိုးတက်အောင် လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ ဒါ့ကြောင့်နိုင်င်တစ်ဝန်းတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးကိုလည်း အလေးထားသွားရမည်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ကို မှာကြားလိုတာက တတ်မြောက်ထားသော ခေတ်မီစိုက်ပျိုးရေး နည်းပညာများဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားကို တတ်စွမ်းသရွေ့ကြိုးစား ဆောင်ရွက်ပေးကြပါဟု အမှာစကားပြောကြားသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်က တောင်သူများကို နည်းပညာအသစ်များ ပညာပေးကာ ကြိုးစားဆောင်ရွက်စေချင်ကြောင်း ခေတ်နှင့်အညီ မောင်မယ်တို့ အမြဲလေ့လာနေဖို့ လိုအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့၏ အားပေးကူညီမှုဖြင့် လေ့လာရေး ခရီးများသွားရောက်လေ့လာခဲ့ကြပြီးဖြစ်၍ စာတွေ့လက်တွေ့များကို ဆက်လက်ကြိုးစားဆောင်ရွက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်ဖြင့် တိုးတက်ချင်လျှင် ရိုးသား၍ အကောင်းမြင်စိတ်ဖြင့် လက်တွေ့အလုပ်လုပ်ကြပါဟု နှုတ်ဆက်အမှာစကားချီးမြှင့်ပေးခဲ့ပြီး စာပေဌာနမှ လ/ထကထိက ဦးခင်မောင်ရင်က ဆရာ၊ဆရာမများကိုယ်စား နှုတ်ဆက်အမှာစကား ချီးမြှင့်ပြောကြားသည်၊၊

ထို့နောက်ကျောင်းသား၊ ကျောင်းသူများအားလုံး ကိုယ်စား ဒုတိယနှစ်ကျောင်းသား မောင်မြတ်သော်နှင့် ပထမနှစ်ကျောင်းသူ မစန္ဒာအောင် တတိယနှစ်မှ ကျောင်းသား မောင်တင့်နိုင်ဦးတို့က ကျေးဇူးတင် နှုတ်ဆက်စကား ပြန်လည်ပြောကြားပြီး နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများက ကျောင်းပဒေသာပင် အလှူငွေကျပ် ၁၂ သိန်း ကျပ်အား ပေးအပ်လှူဒါန်းခဲ့ရာ ဆရာမကြီးက လက်ခံရယူပြီး ကျောင်းသားကျောင်းသားသူများက ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

 

သန့်ဇော် (ပြန်/ဆက်)