မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၇၀၀)အား အခြေခံစားကုန်(၅)မျိုးနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း(Mask)များ ထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

မကွေး အောက်တိုဘာ ၂၂

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံလူတန်းစားပြည်သူများ၏စားဝတ်နေရေးအထိုက်အလျှောက် ပြေလည်စေရန် ရည်ရွယ်၍ စလင်းမြို့ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၇၀၀)အား အခြေခံစားကုန်(၅)မျိုးနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း (Mask)များ ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက စလင်းမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်၍ အခြေခံစားကုန်(၅)မျိုးနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း (Mask)များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏စားဝတ်နေရေး ပြေလည်စေရန်အတွက် သက်သာချောင်ချိရေးကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း အခြေခံလူတန်းစား ပြည်သူများစားဝတ်နေရေး အထိုက်အလျှောက် ပြေလည်စေရန်ရည်ရွယ်ပြီး အခြေခံစားကုန် များကို အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ထောင်စု(၅၀၀)စာ၊ စလင်းမြို့နယ်မှ လုပ်ငန်းရှင်များမှ အိမ်ထောင်စု(၂၀၀)စာ စုစုပေါင်း အိမ်ထောင်စု(၇၀၀)အတွက် တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီများနှင့် ကိုဗစ်ကာကွယ်ရေးသုံး (Mask)စတို့ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ စားသောက်ကုန် ရရှိသည့် အိမ်ထောင်စုများအနေဖြင့် များပြားသည့် ပမာဏမဟုတ်ပေမဲ့ ထိုက်သင့်သည့် အကူအညီတစ်ခုတော့ ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် အများပြည်သူ စားဝတ်နေရေး အဆင်ပြေချော့မွေ့စေရန် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက် သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က စလင်းမြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားကုန်(၅)မျိုးဖြစ်သည့်(ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်)နှင့် ကိုဗစ်ကာကွယ်ရေး သုံး ပစ္စည်း (Mask)တို့ကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် စလင်းမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

ဆက်လက်ပြီး စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က စလင်းမြို့နယ်၏အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ပတ်သက်သော ဒေသဆိုင်ရာများအား ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသူများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍  ဆွေးနွေးတင်ပြရာ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအား ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ