ရွှေတောင် အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ရွှေတောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသားကျောင်းသူ မျိုးဆက်သစ်လူငယ်များကို ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်နှင့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် လူငယ်နဲ့ရည်မှန်းချက်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ နည်းပညာများ တိုးတက်လာသည့့်အတွက် သတင်းအမှား အမှန်ခွဲခြားတတ်စေရန်နှင့် Social Media ၏ ကောင်းကျိုး၊ ဆိုးကျိုးများကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်သပြေက လူငယ်နဲ့အားကစား ခေါင်းစဉ်ဖြင့် အားကာဦးစီးဌာနက ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများ၊ ပြိုင်ပွဲများနှင့် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းသို့ တက်ရောက်နိုင်ရန်အတွက် ဆောင်ရွက်ရမည့်အစီအစဉ်များကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်သပြေက အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။ အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုကိုမင်း