ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် Quarantine ဝင်ရောက်နေသော ကျန်းမာရေးဝန်ထမ်း(၇၄)ဦးအား မြို့သူမြို့သားများက ကျပ်သိန်း ၄၀ ကျော် လှူဒါန်း

ကျောင်းကုန်း   စက်တင်ဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်ထမ်း(၂)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီးသည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ မြို့နယ် ဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်၊ သူနာပြုများ၊ အထွေထွေလုပ်သားများက ဆေးရုံဝန်းအတွင်းတွင် Quarantine ဝင်ရောက်လျက်ရှိရာ Hospital Quarantine (၁၂)ဦးနှင့် Home Quarantine (၆၂)ဦး စုစုပေါင်း (၇၄)ဦးရှိကြောင်း သိရသည်။

Quarantine ဝင်ရောက်နေသော ကျန်းမာရေးဝန်ထမ်းများအား ကျောင်းကုန်းမြို့သူ မြို့သားများက စုပေါင်းကာ အလှူငွေကျပ်(၄၀)သိန်းကျော်လှူဒါန်းခဲ့ကြပြီး Bass သောက်ရေသန့်မှ ရေသန့်ဘူး (၁၂၀၀)၊ အမွှာညီအစ်မထမင်းဆိုင်မှ မနက်ဖြန်နေ့လယ်တစ်နပ်စာ လှူဒါန်းသွားမည်ဖြစ်ကြောင်း အကျိုးတော်ဆောင် ဒေါက်တာ ဇေယျာလင်း(နှလုံးအိမ် ဆေးခန်း)ကပြောသည်။

အဆိုပါ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်ထမ်းများသည်(၇)ရက်ကြာ Quarantine ဝင်ရောက်မည်ဖြစ်ပြီး အရေးပေါ်လူနာများအား လက်ခံကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)