အိမ်မဲ အောက်တိုဘာ ၂၂
နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယမန်နေ့နံနက် ၁၀ နာရီတွင် အ-ထ-က ဘုရားကြီးကုန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အ-ထ-က ဘုရားကြီးကုန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အကျင့်စာရိတ္တကောင်းမွန်ရေး၊ စာပေ ဖတ်ရှုခြင်း၏အကျိုးကျေးဇူး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှင့်အားကစားခေါင်းစဉ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးလေးလွင်က စားသုံးရန်မသင့်သည့်အစားအစာများ၊ ကုန်ညွှန်းအမှတ် အသားခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်ရေးကျောင်းသား ကျောင်းသူများစာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ/မ များနှင့် ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာန်ခံ ဒေါ်အိအိမျိုးက ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် Myanmar FitnessDance အကဖြင့် လေ့ကျင့် သင်ကြားပေးခဲ့ရာ ကျောင်းသားကျောင်းသူများ ပျော်ရွင်စွာ လိုက်ပါကစားခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ အ-ထ-က ဘုရားကြီးကုန်းကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၄၇၀)ဦးကျော်မှ စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)