သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေညာနိုင်ရေး မဲစာရင်းစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်

အထက်မင်းလှ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် မဲစာရင်းများပြည့်စုံ မှန်ကန်စေရန် ယမန်နေ့ညနေ ၃ နာရီက မင်းလှမြို့ အခြေခံပညာ အထက်တန်း ကျောင်း မင်းလက်ဝါးခန်းမတွင် မဲစာရင်းစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မဲစာရင်းစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုံစံ(၃)၊ ပုံစံ(၄)၊ပုံစံ(၄-ဂ)၊ပုံစံ(၃-က) နှင့် ပုံစံ(၄-ခ)ဖြင့် လျှောက်ထားသောမဲစာရင်း ဖြည့်သွင်းထားမှုများကို Hard Copy (၁) စုံ ထုတ်ယူ၍ တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။
မင်းလှမြို့၌ရပ်ကွက်/ ကျေးရွာအုပ်စု ၆၉ အုပ်စုတွင်ဒုတိယအကြိမ် မဲစာရင်း ကြေညာခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့၌ ကြေညာရန် လျာထား သတ်မှတ်ထားပြီး ဒုတိယအကြိမ် (နောက်ဆုံး) ကြေညာသည့် မဲစာရင်းတွင်ပါဝင် သောမိသားစု Code နံပါတ်များသည်ဆန္ဒမဲပေးရန်အတွက် အတည်ဖြစ်ပြီး Code နံပါတ်ပြောင်းလဲမှုရှိမည် မဟုတ်တော့ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)