ထားဝယ်မြို့တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ် အောက်တိုဘာ ၂၁

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးနိုင်ဝင်းက လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ်  အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက် လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို  လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်‌ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင် ရှိသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသု တရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်း နိုင်ကြောင်း၊ ရွေ့လျားစာကြည့်တိုက်ဖြင့်လည်း စာအုပ်စာစောင်များကို ကျောင်းသား/သူများ လက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူး ဦးဝင်းမောင်လေးက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ ပြေးခုန်ပစ်အားကစားအဆင့် အတန်း မြင့်မားရေး၊ လေ့ကျင့်အားပြည့်ဝ၍ ခံနိုင်ရည်ရှိသောပြေးခုန်ပစ် အားကစားသမားများဖြစ်လာရေး၊ စည်းကမ်းရှိ၍ အောင်မြင်သော ပြေးခုန်ပစ်အားကစားသမားများ ဖြစ်လာရေးစသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောပြီး အားကစားပစ္စည်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ၍ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)