ဘားအံ အောက်တိုဘာ ၂၁
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သက်ရောက်မှုရှိခဲ့သည့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် ဦးမော့တိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ် MSMEs Agency အနေဖြင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစွာရှိနေပြီး ဒေသအတွင်းရှိ MSMEs လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ အထောက်အပံ့ရရှိရေး ထိရောက်သည့်အစီအမံများ ဆောင်ရွက်ဖို့လိုကြောင်း၊ ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှသာ စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စနစ်ကျသောစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်ပါက သင်တန်းများ ဖွင့်လှစ်ပေးစေလိုကြောင်း၊ ပြည်နယ်အတွင်း MSME လုပ်ငန်းပေါင်း ၁၁၈၇ ခု ရှိပြီး စနစ်ကျသော စီမံခန့်ခွဲမှုပိုမိုအားကောင်းလာစေရေး ချိတ်ဆက်ဆောင်ရွက်ဖို့ လိုမည်ဖြစ်ကြောင်း၊ ခေတ်မီ စက်ကရိယာများပြောင်းလဲသုံးစွဲနိုင်ရန် စက်ပစ္စည်းတင်သွင်းရန်နှင့်ရင်းနှီးငွေ ရရှိရန် စီမံဆောင်ရွက် ပေးဖို့လိုကြောင်း၊ ဖန်တီးမှု ဆန်းသစ်တီထွင်မှုများဆောင်ရွက်နိုင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာများထောက်ပံ့ပေးဖို့လိုကြောင်း၊ MSME ထုတ်ကုန် ပြပွဲပြိုင်ပွဲများကျင်းပ၍ နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်ရေး Digital Platform ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီ Internationalization SME ဖြစ်လာစေရေး ဒေသတွင်းနှင့်နိုင်ငံတကာထုတ်လုပ်မှု တန်ဖိုးကွင်းဆက် Global Value Chain (GVC)နှင့် International Production Nature (IPN) တို့ကို ချိတ်ဆက် ထိုးဖောက် ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ဖို့လိုကြောင်း၊ တက်ရောက်လာသူများအနေဖြင့် လည်း လိုအပ်သည့်အကြံဉာဏ်ကောင်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ရင်းနှီးမြှုပ်နှံမှုပမာဏအပေါ် မူတည်၍ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သင့်သည့်အစီအမံများကို ဆွေးနွေး ပြောကြားပြီး ပြည်နယ်စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူးက ကရင်ပြည်နယ် MSMEs Agency ၏လုပ်ငန်းဆောင်ရွက်မည့်အချက် အလက်များကို ရှင်းလင်း တင်ပြကာ MSMEs အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြ ကြသည်။
ထိုသို့ တင်ပြဆွေးနွေးချက်များအပေါ် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်အတွင်း အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုး တိုးတက်လာစေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အဆိုပါအစည်းအဝေးသို့ ပြည်နယ် အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSMEs စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြကြောင်းသတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)