ဘိုကလေး အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စုတွင် အောက်တိုဘာ (၂၀)ရက်နေ့ နေ့လယ် (၁)နာရီအချိန်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ၂၀၂၂-၂၀၂၃ခုနှစ် မိုးရာသီပေါ်ဆန်းရင် စပါးမျိုးဖြင့် RS to CS မျိုးစေ့ထုတ်စိုက်ခင်း (၂၃)ဧကအား မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေးအတွက် မျိုးကွဲနုတ်ပယ်ခြင်းနှင့် မြို့နယ်တွင်းရှိ မျိုးစေ့ထုတ်တောင်သူ (၈၂)ဦးအား တာပေါ်လင် (မိုးကာဖျင်)ပေးအပ်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယုမှ မြေဆီလွှာပြုပြင်ရေးဆိုင်ရာများ၊ ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲနည်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းစိုးဦးမှ မျိုးစေ့ထုတ်လုပ်ငန်း ဆိုင်ရာ သိမှတ်ဖွယ်ရာများအား တောင်သူများသို့ အသိပညာပေး ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် တောင်သူများမှ မျိုးကွဲများနုတ်ပယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြပြီး မျိုးစေ့ထုတ်တောင်သူတစ်ဦးလျှင် တာပေါ်လင်(မိုးကာဖျင်) တစ်ချပ်နှုန်းဖြင့် တောင်သူ (၈၂)ဦးအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)