တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြိတ်ခရိုင်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ

မြိတ် အောက်တိုဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယနေ့နံနက်(၁၀)နာရီက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် မြိတ်ခရိုင်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုများနှင့် စက်မှုလုပ်ငန်းများ၊ စက်မှုသီးနှံထုတ်ကုန်များ၊ ရေထွက်ပစ္စည်းထုတ်ကုန်များ၊ သစ်ပင်သစ်တောထွက်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ် မှုများနှင့် အခြားစီးပွားရေးကဏ္ဍများကို တီထွင်ဆန်းသစ်မှုများပေါင်းဆပ်၍ MSME အဖြစ် အားပေးဆောင်ရွက်နိုင်မည်ဆိုပါက ဒေသစီးပွားရေးအသိုက်အဝန်း ပိုမိုမြင့်မားလာပြီး၊ အလုပ်အကိုင်အခွင့်လမ်းများ ဖေါ်ဆောင်နိုင်မှာဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ၏ အလုပ်အကိုင်၊ အခွင့်အလမ်းများတိုးတက်ခြင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာခြင်းနှင့်အတူ နိုင်ငံတော်၏စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြိတ်ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်းက ဒေသတွင်း MSME လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးတင်ပြပြီး MSME လုပ်ငန်းရှင်များက လုပ်ငန်းကဏ္ဍအလိုက် ထုတ်ကုန်များထုတ်လုပ်နေမှု၊ ဈေးကွက်ဖော်ဆောင်မှု၊ ကုန်ကြမ်းရရှိမှု၊ ရင်းနှီးမြုပ်နှံမှုအခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြသည်။ တင်ပြဆွေးနွေးချက်များနှင့်ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက ဒေသအတွင်းအလားအလာရှိသော အရင်းအမြစ်များ၊ ထုတ်ကုန်အသစ်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ တီထွင်ဆန်းသစ်မှုများဖြင့် အရည်အသွေးပြည့်မီစွာထုတ်လုပ်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဒေသတွင်းထုတ်ကုန်များပေါ် ထွက်လာစေရန် လုပ်ငန်းရှင်များအားလုံး ဈေးကွက်ချိတ်ဆက်မှုနဲ့ စီးပွားရေးအမြင် အတွေ့အကြုံကောင်းများကို ဖလှယ်ပေါင်းစပ်၍ မူပိုင်အမှတ်တံဆိပ်ဖြင့် (Make in Myeik) ထုတ်ကုန်များပေါ်ထွက်လာရေး အလေးထားဆောင်ရွက်ရန်ကြစေလိုကြောင်း နိဂုံးချုပ်အမှာ စကားပြောကြာခဲ့ကြောင်း သိရသည်။

ခိုင်ထူး