ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း အခြေခံလူတန်းစားများသို့ဟင်းစားငါးနှင့် အခြေခံစားကုန်များ လိုက်လံ ထောက်ပံ့လှူဒါန်း

ကော့သောင်း ၊ စက်တင်ဘာ ၁၈

ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ အခြေခံ လူတန်းစား မိသားစုများအားယနေ့နံနက်ပိုင်းက ဟင်းစားငါးများနှင့်အခြေခံစားကုန် ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက် များကို အိမ်တိုင်ယာ ရောက်လိုက်လံထောက်ပံ့လှူဒါန်းလျက် ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါပရဟိတ အဖွဲ့သည် ကော့သောင်းမြို့၏ ကမ်းနီး၊ကမ်းဝေးငါးဖမ်းလုပ်ငန်း ကုမ္ပဏီများ၊ မိုဘိုင်းဖုန်း အရောင်းဆိုင်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်း ပူးပေါင်းလှူဒါန်းကူညီမှုဖြင့် ဟင်းစားငါးနှင့် အခြေခံစားကုန်များကို  မြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစားမိသားစုများ ရောဂါကာကွယ် ထိန်းချုပ်မှု လုပ်ငန်းများကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေ ရန် ရည်ရွယ်ကြောင်းသိရသည်။
ထို့အပြင် ရပ်ကွက်နေပြည်သူများအား ပေါ့လျော့မှုမရှိ ကျန်းမာရေးအသိ သတိဖြင့် နေထိုင်ကြရေး၊ အပြင်ထွက် ပါကနှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအား ဆက်လက် ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီ ဆောင်ရွက် ပေးကြရန် လိုက်လံနှိုးဆော် အသိပညာပေးကာ နှာခေါင်းစည်း များအား လူတစ်ဦးခြင်းစီသို့ ဝေငှလှူဒါန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)