လေးမျက်နှာမြို့နယ် ခြောက်ဆယ်ကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ဖွဲ့စည်း

လေးမျက်နှာ စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ခြောက်ဆယ်ကျေးရွာအုပ်စု ရိုးကြီးကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီများ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ ကျေးရွာတွင်းဆောင်ရွက်မည့် စီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းဆောင်ရွက်ရန် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ကျေးရွာများကိုသာ စီမံကိန်း ဆောင်ရွက်ခွင့်ရသောကြောင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုကြောင်းနှင့် စီမံကိန်းဆောင်ရွက်မှုကြောင့် ရရှိလာမည့် အကျိူးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆန္ဒမဲစနစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းကော်မတီဝင်များ ရွေးချယ်ပေးခဲ့သည်။

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာလျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်လျက်ရာ ကျေးရွာနေပြည်သူများ၏ လူမှုဘဝနေထိုင်ရေးအတွက် များစွာ အထောက်အကူ ပြုလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)