ထန်းတပင် (ပဲခူး) အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပင်စင်လာရောက် ထုတ်ယူသူများအနေဖြင့် လိုက်နာရန်စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ထန်းတပင်မြို့နယ်တွင်မြို့ပြပင်စင်(၅၄၉)ဦး၊ ကာကွယ်ရေးပင်စင်(၄၀၁)ဦးနှင့်နိုင်ငံရေးပင်စင် (၁၀၀)ဦး စုစုပေါင်း(၁၀၅၀)ဦးရှိပြီး ယနေ့တွင် ပင်စင်ထုတ်ယူသူ(၃၅၀)ဦးရှိကြောင်း ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)