သာယာဝတီမြို့နယ်တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်

သာယာဝတီ အောက်တိုဘာ ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန တို့ ပူးပေါင်း၍ သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ (မြို့မ) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် (မြို့မ)အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆရာကြီးဦးလှဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးတို့က ဌာန၏ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားပြီး၊ သဘာဝဘေးနှင့် ပတ်သက်၍ ငလျင်ဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန် များကို ရှင်းလင်းပြောကြားသည်။

ဟောပြောပွဲသို့ မြို့မ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၂၅)ဦး တက်ရောက်ကြပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ ငလျင်ဘေးဗီနိုင်းနှင့် ပိုစတာများအား ကျောင်းအုပ်ကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)