ဂန့်ဂေါမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဒုတိယအကြိမ်ဆက်လက်ရောင်းချ

ဂန့်ဂေါ အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊  ဂန့်ဂေါမြို့၌  ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ ငွေကျပ်သိန်း(၄၀) မတည်ငွေဖြင့် ဂန့်ဂေါခရိုင် သက်သာချောင်ချိရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဂန့်ဂေါမြို့နယ် သက်သာချောင်ချိရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ အပတ်စဉ်သောကြာနေ့တိုင်း ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇)နာရီမှ(၉)နာရီအချိန်ထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့သည်။

အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချရာသို့ ဂန့်ဂေါမြို့နယ် သက်သာချောင်ချိရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဈေးရောင်း/ ဈေးဝယ်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ထိုသို့ ရောင်းချရာတွင် ဧည့်မထဆန်တစ်ပြည်လျှင် ၁၂၀၀ ကျပ်နှုန်းဖြင့် ဆန်အိတ်(၁၀)အိတ်၊ ဆင်းသုခဆန် တစ်ပြည်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ဆန်အိတ်(၅)အိတ်၊ မနောသုခဆန် တစ်ပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် ဆန်အိတ်(၅)အိတ်၊ ဆီ(၄၀)သားပါ တစ်ဗူးလျှင် ၃၅၀၀ ကျပ်နှုန်းဖြင့် (၁၆၀)ဗူး၊ ကြက်ဥတစ်လုံးလျှင် ၂၀၀ ကျပ်နှုန်းဖြင့် (၂၁၀၀)လုံး၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်နှုန်းဖြင့် (၁၀၀)ပိဿာ၊ အာလူး တစ်ပိဿာလျှင် ၂၇၀၀ ကျပ်နှုန်းဖြင့် (၁၀၀)ပိဿာနှင့် ကျောက်ဖရုံသီး၊ ခရမ်းသီး၊ ဂေါ်ရခါးသီး၊ သခွားသီး၊ ချဉ်ပေါင်ရွက် စသည့် ဟင်းသီး၊ ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဖြန့်ဖြူးရောင်းချပေးခြင်းကို အပတ်စဉ်သောကြာနေ့တိုင်း နံနက်(၇)နာရီမှ(၉)နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း(ယော)