ပခုက္ကူမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူ အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်၉နာရီအချိန်က စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများ အကြောင်းတို့ကိုလည်းကောင်း၊ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူပြည်သူအများ ရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့်သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြသည်။

ယင်းနောက် တက်ရောက်လာသည့် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူရေးရာဆိုင်ရာ ဟောပြောမှုများအပေါ် နားလည်နိုင်မှုစွမ်းရည် အခြေအနေများမေးမြန်းပြီး ဆုချီးမြှင့်ခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)