ပွင့်ဖြူမြို့နယ်မျိုးသန့်ခြံမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုအား မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဧရာမင်း စပါးမျိုးကွဲ (၄)မျိုးအား မျိုးစပါးတင်းရေ ၇၀၀၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့

ပွင့်ဖြူ အောက်တိုဘာ ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ မျိုးသန့်ခြံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ် မနောသုခ ၊ ဆင်းသုခ ၊ ရတနာတိုး ၊ ဧရာမင်း စပါးမျိုးကွဲ (၄)မျိုးအား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၊ နွေစပါးနှင့် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးစပါးတင်းရေ ၇၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။

နှစ်စဉ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးတက်ကောင်းမွန်စေရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးမျိုးကွဲ(၄) မျိုး မျိုးသန့်မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးမှုများနှင့် စပ်လျဉ်းပြီး ပွင့်ဖြူမြို့နယ် မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ်က ယခုလို ရှင်းပြသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့မျိုးသန့်ခြံမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှာရှိတဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူဦးကြီးများ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေဖို့အတွက် ရည်ရွယ်ပြီး နှစ်စဉ် မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဧရာမင်း စပါးမျိုးကွဲ(၄)မျိုးကို စိုက်ပျိုးထုတ်လုပ်ပြီး ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကုလားပဲမျိုးကောင်းမျိုးသန့်များဖြစ်တဲ့ (ရေဆင်း-၆) နှင့် (ရေဆင်း-၁၂) ကုလားပဲသီးနှံ မျိုးများကိုလည်း ဖြန့်ဖြူးဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ကျွန်တော်တို့နိုင်ငံကို ပြည်ပနိုင်ငံတွေမှ စပါးမျိုးများ တင်သွင်းလာမှုအပေါ်မှာလည်း ကျွန်တော်တို့ ပွင့်ဖြူမြို့ ၊ မျိုးသန့်ခြံမှ စမ်းသပ်စိုက်ပျိုးပြီး ကျွန်တော်တို့နိုင်ငံရဲ့ ရေမြေသဘာဝရာသီဥတုနဲ့  စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်ခြေ ရှိ/ မရှိ စစ်ဆေးပြီး အဖြေရလဒ်များကို (ရုံးချုပ်)သို့ ပေးပို့ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်တော်တို့ မျိုးသန့်ခြံမှာဆိုရင် အမြဲတမ်းလယ်ယာလုပ်သား(၁၅)ဦးနဲ့ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီး လိုအပ်ပါကလည်း အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူများကို ခေါ်ယူပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပွင့်ဖြူမြို့မျိုးသန့်ခြံအနေနဲ့ ကျေးရွာနေပြည်သူများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး မိသားစုဝင်ငွေတိုးပွားအောင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။ ယခုအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလဖြစ်တဲ့အတွက် မျိုးသန့်ခြံမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ လယ်ယာလုပ်သားတွေကို သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာကွင်းတာဝန်ခံများ၏ အနီးကပ်ကြီးကြပ်မှုနဲ့ စနစ်တကျ ဆောင်ရွက်လုပ်ကိုင်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ တိုင်းဒေသကြီးအတွင်း ခရိုင်(၅)ခုအား မျိုးစပါးစိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မှုအနေနဲ့ စပါးမျိုးကွဲ(၄)မျိုးဖြစ်တဲ့ မျိုးစပါးတင်းရေ ၇၈၆၀ တင်း ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။  ယခု ၂၀၂၂ ခုနှစ်၊ နွေစပါးနဲ့ မိုးစပါး စိုက်ပျိုးရာသီမှာ မျိုးစပါးဖြန့်ဖြူးပေးနိုင်မှုအနေနဲ့ကတော့ မျိုးစပါးတင်းရေ ၇၂၁၁ တင်း ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ ဆက်လက်၍လည်း ကျွန်တော်တို့ မျိုးသန့်ခြံအနေဖြင့် နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို အပြည့်အဝ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ပွင့်ဖြူမြို့မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ်က ပြောကြားသည်။  

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေပေါကြွယ်ဝသည့်အပြင် ရေမြေသဘာဝနှင့် ရာသီဥတု မျှတကောင်းမွန်မှုကြောင့် နှစ်စဉ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်သည့် မြို့နယ်တစ်ခုဖြစ်ရာ တိုင်းဒေသကြီးအတွင်းရှိ အချို့သောပြည်သူများက ပွင့်ဖြူမြို့နယ်ကို ဆန်စပါးစားနပ်ရိက္ခာ အများဆုံး ထုတ်လုပ်နိုင်သည့်အတွက် စားနပ်ရိက္ခာဖူလုံသော အိုအေစစ်မြို့လေးဟု တင်စားခေါ်ဝေါ်ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )