စလင်း အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ စလင်းမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ ၁၅မိနစ် အချိန်ကမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားများပြောကြားရာတွင် စလင်းမြို့နယ်၏ အုပ်ချုပ်ရေး၊ လူမှုရေးနှင့်ပတ်သက်သော ဒေသဆိုင်ရာများမှ ဝန်ထမ်းများနှင့်ပတ်သက်သော စည်းမျဉ်း စည်းကမ်းသဘောသဘာဝများနှင့် လုပ်ငန်းကျွမ်းကျင်မှုများအကြောင်းများနှင့် မိသားစုသဖွယ်လုပ်ငန်းများအား စုပေါင်းလုပ်ဆောင်ကြရန် တာဝန်ရှိကြောင်းပြောကြားခဲ့သည်။ မကြာသောကာလတွင် ရွေးကောက်ပွဲစတင်မည်ဖြစ်ရာ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မှတ်ပုံတင်၊ အိမ်ထောင်စုဇယားများအား စနစ်တကျစီစစ်ဆောင်ရွက်ရန် လူဦးရေစာရင်းအတိအကျရရှိရန် အနီးစပ်ဆုံးနှင့်အမှန်ကန်ဆုံးကိန်းဂဏန်းများ မှန်ကန်အောင်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏တာဝန်တစ်ရပ်ဖြစ်တာနှင့်အညီ ဝန်ထမ်းများမှဝိုင်းဝန်းကူညီကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးကဏ္ဍများအကြောင်းများကို ဆွေးနွေးခဲ့ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကိုဆက်လက်၍နိုင်ငံတော်မှ ဖြန့်ချီပေးသွားမည်ဖြစ်ကြောင်း ပြည့်စုံစွာရှင်းလင်းပြောကြား ခဲ့ကာ ရေနံချောင်းမြို့နယ် တမာပင်စိုက်ပျိုးမည့်အကြောင်းနှင့် ဝါးစိုက်ပျိုးမည့်စီမံချက်များ၊ ဒေသဝမ်းစာဖူလုံရေးအတွက် ဆန်စပါးစိုက်ပျိုးရန်အတွက် အဓိကရေရရှိရန် ဧရာဝတီမြစ်နှင့် (၅)မိုင်အတွင်းရှိသည့် ကျေးရွာများအား မြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးနိုင်သည့် နေရာဒေသများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စလင်းမြို့နယ်အတွင်း စိုက်ပျိုးရေရရှိနိုင်သည့် အမြဲစီးဆင်းသည့်ချောင်းများမှ ရေတင်စုပ်ယူ၍ စိုက်ပျိုးနိုင်မည့် နည်းလမ်းများတို့ကို ပြည့်စုံစွာရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ စလင်းမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစိုက်ပျိုးရေးဆိုင်ရာများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး နောက်သက်ဆိုင်ရာဌာနဆိုင်ရာမျာအား ပိုမိုသိရှိရန်၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ မြေစာရင်းဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)