ရွှေတောင် အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပန်းချီပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေလယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်၊ ပြိုင်ပွဲနှင့်ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပန်းချီပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများကို ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့်ကလေးအလုပ်သမား ပပျောက်ရေးအသိပညာများအကြောင်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်တို့ ကြည့်ရှုလေ့လာခဲ့ကြသည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့်လစဉ်လတိုင်းကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွက်ပြိုင်ပွဲများအပြင် အသိပညာပေး (Talk Show)များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)