ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ၊ ဖောင်တော်ဦး ဓါတ်ပေါင်းစုကျောင်းအတွင်း၌ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပ

ဟုမ္မလင်း အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်ခေါင် ခမ်းကျေးရွာအုပ်စု၊ ခေါင်ခမ်းကျေးရွာ၊ ဖောင်တော်ဦးဓါတ်ပေါင်းစု ကျောင်းအတွင်း၌ ကျင်းပပြုလုပ်သော ဘုရားဒါယကာ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ ဘုရားဒါယိကာမ ​ဒေါ်ခင်မိုးစန္ဒာထွေး မိသားစုတို့က လှူဒါန်းပူဇော်သည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဗုဒ္ဓါဘိသေက အနေက ဇာတင် မင်္ဂလာ အခမ်းအနားနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၅)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို "နမောတဿ"သုံးကြိမ် ရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ပြီး၊ သံဃာတော် အရှင်သူမြတ်တို့က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြပြီး၊ ရတနာသုံးပါးအား  ကန်တော့၍ တာပတောင်းကျေးရွာ ဆရာတော် ဦးဓမ္မသာမိထံမှ ငါးပါးသီလ ခံယူတည်ဆောက်ခဲ့ ကြသည်။

ဆက်လက်၍ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ် လှူဒါန်းပူဇော်ခြင်းနှင့် လှူဖွယ်ဝတ္ထူများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်မြတ်ကို ရွတ်ဖတ် သရဇ္စျယ်ခြင်း၊ ပရိယတ္တိ ဆရာတော် အရှင်မြတ်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်ချက်အမျှပေး ဝေးကြပြီး အခမ်းအနားကို "ဗုဒ္ဓ သာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်းနှင့် ဇနီး ဒေါ်ခင်မိုးစန္ဒာထွေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်း၊  မြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ သာသနာရေး ဦးစီးဌာန၊ ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ ခေါင်ခမ်းကျေးရွာနေ ပြည်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

လင်းလင်း ပြန်/ဆက်