ပုသိမ် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီက အလက-၁ (ထခွဲ) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ သင်တန်း ပို့ချရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေစိုး အပါအဝင်အဖွဲ့ဝင် ၁၅ ဦးတို့က ၃ နေရာခွဲ၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲစက်ဝန်းနှင့် မဟာဗျူဟာစီမံကိန်းပန်းတိုင်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း ဆိုင်ရာတို့ကိုလည်းကောင်း၊ မဲဆွယ်စည်းရုံးခွင့်နှင့် မဲဆန္ဒစာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေး ကော် မတီများဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲရေ တွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေညာခြင်းတို့ကိုလည်းကောင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာမှုများကို စီမံခန့်ခွဲခြင်း၊ မီဒီယာ နှင့် ဆက်သွယ်ပြန်ကြားခြင်း၊ မြို့နယ်ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များ၏ အခန်းကဏ္ဍ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ စသည်တို့ကို ဘာသာရပ်များအလိုက် သင်တန်းပို့ ချသည်။
အဆိုပါ သင်တန်းကို ၃၀ ဦးဖြင့် တက်ရောက်စေပြီး၊ အထက ၂၊ အထက ၆ တို့တွင် လည်း ၃၀ ဦးစီဖြင့် တစ်ပြိုင်တည်း သင်တန်းပို့ချခဲ့သည်။ ဆက်လက်၍ စက်တင်ဘာလ ၁၈၊ ၁၉ ရက်များတွင်လည်း အလားတူပင် နေရာ ၃ နေရာ၌ ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲဝင်များကို သင်တန်းပို့ချပေးမည်ဖြစ်ပြီး အဆိုပါ သင်တန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချခြင်းဖြစ်ကြောင်း၊ ပုသိမ်မြို့နယ်တွင် ရပ်ကွက် ၂၅ ခု၊ ကျေးရွာအုပ်စု ၅၃ စု နှင့် မဲရုံ ၂၀၀ ရှိကြောင်းသိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)