ကဝမြို့နယ်တွင် လျာထားမဲရုံတည်နေရာများ အတည်ပြုသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကဝ အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများနှင့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လျာထားမဲရုံတည်နေရာများ အတည်ပြုသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက လာမည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြေပြင်ရှိ လျာထားမဲရုံတည်နေရာများ ကောက်ယူစစ်ဆေးရေး၊ လူဦးရေနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာ တိုက်ဆိုင်စစ်ဆေးပြီး တိကျမှန်ကန်စွာ ကောက်ယူတင်ပြနိုင်ရေးတို့အား ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအရာရှိ ဦးမင်းသက်နောင်က အခြေခံလူဦးရေနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး လိုအပ်သည့်အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် မဲရုံလျာထားမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)