ကျောက်မြောင်း အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ တည်ပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၆၈၆) တောင်သူ ဦးဘိုလင်း၏ ယာမြေတွင် မိုးချည်မျှင်ရွှေဝါ (ရွှေတောင်-၁၀)မျိုးစေ့ထုတ် စံပြကွက် (၁၀)ဧက အပင်အောင်မြင် ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၀၇:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ကျောက်မြောင်းမြို့ စိုက်ပျိူးရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခင်ဝင်းမှ ဝါစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ တစ်ဧကလျှင် မျိုးစေ့(၃)ပိဿာနှုန်း စိုက်ပျိုးရမည် ဖြစ်ပြီး၊ ဝါစိုက်ပျိုးရာတွင် မိုးကြို၊ မိုး၊ မိုးနှောင်း စိုက်ပျိုးနိုင်ကြောင်း ပြောကြားခဲ့သည်။ ယခု ဝါစိုက်ပျိုးရာတွင် ပင်ကြား(၃)၊ တန်းကြား(၃)နှင့် တစ်ကျင်း(၂)ပင်ချန် သားခွဲပြီး (၁)ဧကလျှင် အပင်(၉၆၈၀) စိုက်ပျိုးထားပြီး ယခုလို စနစ်တကျ စိုက်ပျိုးထားရှိမှုကြောင့် အပင်များ အောင်မြင် ဖြစ်ထွန်းလျှက်ရှိကြောင်း ပြောကြားခဲ့သည်။ တောင်သူများအနေဖြင့် ဝါတွင် ကျရောက်တက်သော စုပ်စားပိုး၊ ရွက်စားပိုး၊ ရွက်လိပ်ပိုး၊ ဝါဂွမ်းပိုးနီ၊ သီးလုံးဖောက်ပိုးများ မကျရောက်အောင် သဘာဝပိုးသတ်ဆေး ဖျော်ရည်ဖြင့် ပက်ဖျန်းခြင်းအားဖြင့် ရောဂါပိုးများ ကြိုတင် ကာကွယ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝါစိုက်တောင်သူများအနေဖြင့် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာများ သတ်မှတ် ထားသည့် နှုန်းထားအတိုင်း စနစ်တကျ သုံးစွဲမည်ဆိုပါက (၁)ဧကလျှင် ၅၀၀ ပိဿာမှ ၁၀၀၀ ပိဿာအထိ ထွက်ရှိနိင်သည့် အတွက် ပြည်တွင်း အဝတ်အထည် ဖူလုံစေပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည် ဖြစ်သည့်အတွက် ဝါစိုက်တောင်သူများ၏ အကျိုးစီးပွားဘဝ ပိုမိုမြှင့်တင်စေရန် ရည်ရွယ်၍ ကွင်းသရုပ်ပြပွဲ ကျင်းပပြုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကွင်းသရုပ်ပြပွဲတွင် တောင်သူ(၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ကျောက်မြောင်း(ပြန်/ဆက်)