ကော့သောင်း အောက်တိုဘာ ၂၁
ကော့သောင်းမြို့တွင် မိုးသည်းထန်းစွာ အဆက်မပြတ်ရွာသွန်းသဖြင့် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ကျားပါးစပ်တန်းအောက်လမ်း၊ တောင်စောင်းများပေါ်ရှိ သစ်ပင်ကြီး ပြိုလဲသဖြင့် တောင်ခြေရှိ လမ်းအားယာယီပိတ်ဆို့မှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် အဆိုပါနေ့ ညဦးပိုင်းမှ စတင်ကာ အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ကျားပါးစပ်တန်းအောက်လမ်း၊ တောင်စောင်းများပေါ်ရှိ မြေသားထုများပြိုကျကာ တောင်စောင်းတွင် ပေါက်ရောက်နေသည့် လုံးပတ်သုံးပေအရှည်ပေ (၃၀) ရှိ မြရာပင်ကြီးပြိုလဲမှုဖြစ်ပွားကာ တောင်ခြေနံရံရှိ အများပြည်သူသွားလာရာ လမ်းပိတ်ဆို့ မှုဖြစ်ပွားခဲ့သဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အရံမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းဖယ်ရှား ကူညီမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါဖြစ်စဉ်တွင် လူနှင့်အခြားထိခိုက်ဒဏ်ရာရရှိ ပျက်စီးဆုံးရှုံးမှုမရှိပဲ အများပြည်သူ သွားလာရာလမ်း ပိတ်ဆို့မှုယာယီဖြစ်ပေါ်ခဲ့ကာ ဖြစ်စဉ်ဖြစ်ပွားပြီးသုံးနာရီခန့်အကြာတွင် ရှင်းလင်းမှု လုပ်ငန်းများပြီးစီးသဖြင့် လမ်းအား အများပြည်သူပုံမှန်ပြန်လည် အသုံးပြု သွားလာနိုင်ခဲ့ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)