ကော့သောင်း အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဆယ်မိုင် ကျေးရွာ၊ အထက(ခွဲ)၊ ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောမှုအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကောသောင်း ခရိုင်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ၊ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့် အရသာ(၆)ပါး အကျိုးနှင့်အပြစ် ဖြစ်ပုံပြုပုံအကြောင်း၊ အမျိုးသမီးများတွင် ဖြစ်ပွားတပ်သော ရောဂါများနှင့် တိုင်းရင်းဆေးပညာ ဆက်စပ်ကုသပုံများအား ဗဟုသုတဖြစ်ဖွယ် အသိပညာပေးဟောပြောသည်။
ယင်းနောက် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာ ဦးစီးဌာန ပေါ်ပေါက်လာပုံ၊ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့်တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် ဗဟုသုတဖြစ်ဖွယ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းအတွင်း တားမြက်ထားသည့် အစားအသောက်များ ရောင်းချခြင်းရှိမရှိနှင့် ရောင်းချလျက်ရှိသည့် အစားအသောက်များတွင် ခွင့်မပြုဆိုးဆေးများပါဝင်ခြင်းရှိ လိုက်လံစစ်ဆေး အသိပညာပေး မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)