မင်းတုန်း အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့်အမှာစကား ပြောကြားပြီး မင်းတုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် နေကြာ စိုက်ပျိုးနိုင်မှု အခြေအနေအား တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် မင်းတုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းက ဒေသဆိုင်ရာ အချက်အလက်နှင့် လယ်ယာကဏ္ဍ စိုက်ပျိုး ထုတ်လုပ်နိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းနေကြာ စိုက်ပျိုးရေး တာဝန်များနှင့် နေကြာမျိုးစေ့များကို သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများနှင့် ဆောင်းနေကြာ စိုက်ပျိုးမည့် တောင်သူများက လက်ခံရယူကြပြီး မြို့နယ်မှ တင်ပြချက်များအပေါ် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)