ရေတာရှည်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေး၊ သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်တတ်သော ဘေးအန္တရာယ်များအကြောင်း  အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

ရေတာရှည် အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရေတာရှည်မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဥက္ကာသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်နီနီရွှေမှ ကလေးသူငယ်အခွင့်အရေး ကလေးကိုယ်တိုင်သိရှိနားလည်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် အသက်(၁၈)နှစ်အောက် ကလေးသူငယ်များသိသင့်သိထိုက်သည့် အခွင့်အရေးနှင့်ဆောင်ရန်၊ ရှောင်ရန်များ၊ ဥပဒေများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုအမျိုးမျိုးနှင့်သက်ရောက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိဦးသန်းထွန်းအောင်က သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်တတ်သော ဘေးအန္တရာယ်များအကြောင်းကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊  ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရေတာရှည်(ပြန်/ဆက်)