နတ်မောက် အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူငယ်ရေးရာ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များနှင့် ပတ်သက်၍ ယနေ့ကမ္ဘာကြီးတွင် နည်းပညာများသည် တစ်စထက်တစ်စ တိုးတက် ပြောင်းလဲလျက်ရှိရာ လူငယ်များအနေဖြင့် ခေတ်နှင့်အညီ အသိပညာ အတတ်ပညာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရန် လေ့လာရမှာ ဖြစ်ကြောင်း၊ မိမိရည်မှန်းထားတဲ့ ပန်းတိုင် မပျောက်အောင် ကြိုးပမ်းရမှာ ဖြစ်ကြောင်း၊ လူငယ်အများစု အနေဖြင့် ပရဟိတ စိတ်ဓာတ်မွေးမြူ၍ မိမိတို့ဆောင်ရွက်နိုင်သည့် လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်ကြရန် တို့ကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာရေးဆရာ နတ်သျှင်ရေးသားသော “စာတတ်ခြင်းအတတ်ပညာ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ ဒုတိယဦးစီးမှူးက ယနေ့မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအရပ်ရပ်တွင် နေထိုင်ကြသော လူသားတို့ သည် အတတ်ပညာများစွာကို သင်ယူနေပါကြောင်း၊ တိုးတက်ခြင်း နောက်ကို မမီ မီအောင် လိုက်နေကြရသည့် အတွက် စာဖတ်ခြင်း အတတ်ပညာကို သင်ယူဖို့ မေ့လျော့နေကြကြောင်း၊ စာအုပ် စာပေဖတ်ရှုခြင်းကြောင့် ဘ၀မှာ ဆုံးရှုံးသွားနိုင်စရာ မရှိဘဲ ကောင်းကျိုးများသာ ခံစားရမှာ ဖြစ်ပါကြောင်းတို့ ဆွေးနွေးခဲ့ရာ ကျောင်းသူတစ်ဦးမှလည်း “အလုပ်ဆိုတာ အင်အားပါ” အကြောင်းအရာအား ပြန်လည် ဆွေးနွေးခဲ့သည်။
မူမူစန်း