ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်ကွက်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကလေး စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ပျဉ်းခုံကြီးကျေးရွာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအပေါ် သက်သာရေး (CERP) အစီအစဉ် အရ တောင်သူဦးကျော်မိုးအောင်၏ လယ်ကွင်းတွင် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်ကွက်များအား ယနေ့နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးရဲမင်းလှ၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးဦးနိုင်ထွန်းဝင်းနှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ် စိုက်ပျိုးသော တောင်သူများအား မျိုးစေ့ထုတ်စိုက်ပျိုးရာတွင် စနစ်တကျစိုက်ပျိုးရန်နှင့် ပေါင်းမြက် ရှင်းလင်းရာတွင် သိရှိရမည့် အချက်များ နှင့်လိုအပ်သည်များကို မှာကြားခဲ့ကြသည်။

ကလေးမြို့တွင် မျိုးစေ့ထုတ်စိုက်ပျိုးသော လယ်ဧက(၆၀၀)ဧကရှိကြောင်းနှင့် မျိုးစေ့ထုတ် စိုက်ပျိုးသောတောင်သူ (၁၃၃) ဦးရှိကာ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် စီးပွားရေး ထိခိုက်မှုအပေါ် သက်သာရေး (CERP) အစီအစဉ်အရ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၁၀ ရက်နေ့တွင် အထွက်ကောင်းဆင်းသုခနှင့် အခြားမျိုး များအတွက် တစ်ဧက လျှင် (၁၄၈၅၀၀) ကျပ်နှင့် ဧရာမင်းနှင့်ရွှေဘိုပေါ်ဆန်းတို့အတွက် တစ်ဧကလျှင် (၁၅၀၅၀၀) ကျပ်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)