ဖြူး အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အတွင်း ဒေသခံပြည်သူများ လုပ်ကိုင်နေသည့် တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းများ ရင်းနှီးလုပ်ကိုင်နေမှု အခြေအနေများအား ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၀)နာရီက သွားရောက်ကွင်းဆင်း တွေ့ဆုံခဲ့ကြကြောင်းသိရသည်။
ထိုသို့ သွားရောက်ကွင်းဆင်းရာတွင် တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းများ လုပ်ကိုင်သည့် အိမ်များရှိ ဝါးနှီးဖြင့် တောင်း၊ စကောစကာပြုလုပ်သည့်လုပ်ငန်း၊ ဆန်ကြိတ်သည့် လုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံကာ ဈေးကွက်ပေါ်မူတည်၍ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်မည့်အခြေအနေများ၊ ကုန်ကြမ်းရရှိမှုအခြေအနေများ၊ ဈေးကွက်ဖြန့်နိုင်မှုအခြေအနေများနှင့် အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများအနေဖြင့် လုပ်အားခငွေများ ဒေသအလိုက် သတ်မှတ်နှုန်းထားများ ရရှိနိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ မြေပြင်အခြေအနေများအား စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)