အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာရွက်ဖျန်းအားဆေးပြုလုပ်နည်း လက်တွေ့သရုပ်ပြသ

အုတ်တွင်း အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာရွက်ဖျန်းအားဆေးပြုလုပ်နည်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ဒိုးပင်သောင်ကျေးရွာဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီက ဒေသဖွံ့ဖြိုးရေး၊ ပြည်တွင်းထုတ်ကုန်များကို အဓိကထားသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအောင်မြင်ဖြစ်ထွန်းအောင် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဝင်းဇော်ဦးက ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေမှုများကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထူးကိုကိုက လျှပ်စစ်မီးကိုစည်းကမ်းရှိစွာ သုံးစွဲရန်နှင့် လျှပ်စစ်ဓာတ်အားအလေအလွင့်မရှိစေရေး၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ဂရုစိုက်သုံးစွဲကြရန် ဆွေးနွေးမှာကြားသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဒေါ်နီလာအောင်က အချိန်စေ့ကြွေးကျန်များပြေကျေရေးနှင့် ၂၀၂၂ ဆောင်းသီးနှံထုတ်ချေးရေး ကိစ္စများဆွေးနွေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒု-လဝကမှူး ဒေါ်နွေးနွေးအောင်က အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရှိရန်လိုကြောင်း၊ စီမံချက်ကာလများတွင်လည်း ကွင်းဆင်း၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဒုတိယဦးစီးမှူးဦးအောင်ရဲဇော်က ဆီထွက်သီးနှံဆောင်းနေကြာ သီးညှပ်စိုက်နည်းစနစ်၊ နွေစပါးစိုက်နည်းစနစ်နှင့် ကန်ထရိုက်လယ်ယာစနစ်တို့ကို ရှင်းလင်းဆွေးနွေးပေးသည်။ ထို့နောက် သဘာဝမြေဩဇာရွက်ဖျန်းအား ဆေးအဖြင့် ငါးအမိုင်နိုအက်ဆစ် ပြုလုပ်နည်းကိုလက်တွေ့သရုပ်ပြသပြီး ဒေသခံတောင်သူများကလည်း သိလိုသည်များကို ပြန်လည်မေးမြန်းကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ဒေသခံပြည်သူများကို မြို့နယ်ကျန်းမာရေးအဖွဲ့က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)